Barium သွင်း၍ အူလမ်းကြောင်း၊ ဝမ်းဗိုက်ဓာတ်မှန် ရိုက်ခြင်း
ဝမ်းသွားရင် သွေးပါတာလိုမျိုး အူလမ်းကြောင်း ပြဿနာတွေ ကြုံရတဲ့အခါ Rarium သွင်းပြီး အူလမ်းကြောင်းကို ဓာတ်မှန်ရိုက်လေ့ရှိပါတယ်။ အူလမ်းကြောင်းကို ကြည့်တဲ့မှန်ပြောင်း (Colonoscopy) ၊ CT ကွန်ပြူတာဓာတ်မှန်နဲ့ MRI တွေက ရောဂါကို ပိုပြီး အတိအကျ သိနိုင်တာမှန်ပေမယ့်လည်း CT နဲ့ MRI မရှိတဲ့ နေရာတွေမှာ Barium သွင်းပြီး ဓာတ်မှန်ရိုက်တာက အဓိက အရေးပါနေတုန်းပါပဲ။
Barium ဆိုတာ ခန္ဓာကိုယ်ကနေ မစုပ်ယူနိုင်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဓာတ်ရောင်ခြည်တွေ မဖြတ်သန်းနိုင်တဲ့ Radiopaque သတ္တိရှိပါတယ်။ Barium ကို စအိုကနေ သွင်းပြီး ဓာတ်မှန်ရိုက်တဲ့အခါ အူလမ်းကြောင်းရောဂါတွေ ရှိမရှိသိနိုင်ပါတယ်။ အစာအိမ်ကို ကြည့်ချင်ရင်တော့ Barium ကို မျိုချခိုင်းပြီး ရိုက်ရပါမယ်။
ဘယ်လိုရောဂါတွေ သိနိုင်မလဲ?
- အူကင်ဆာ
- အူထဲက အသားပိုများ
- အူရောင်ရောဂါ (Ulcerative Colitis, Crohn's disease)
- Diverticular Disease လို့ခေါ်တဲ့ အူမကြီးအတွင်းမှာ အိတ်ငယ်သဏ္ဍာန်ဖြစ်ပြီး ရောင်ရမ်းတဲ့ရောဂါတွေကို သိနိုင်ပါတယ်။
Barium သွင်းပြီး ဓာတ်မှန်ရိုက်မယ်ဆိုရင် အရေးကြီးဆုံးက အူလမ်းကြောင်းရှင်းနေဖို့ လိုပါတယ်။
ဒါကြောင့် မရိုက်ခင်ရက်တွေမှာ…
- ပေါင်မုန့်၊ စွပ်ပြုတ်နဲ့ အသားစသည့် အစာပျော့ပျော့ပဲစားတာ
- ဝမ်းနှုတ်ဆေးစားတာ၊ လိူအပ်ရင် ဝမ်းချူထားတာ
- ရေများများသောက်ထားတာတွေ လုပ်ရပါမယ်။
ဓာတ်မှန်မရိုက်ခင် လိုအပ်ရင် အနာသက်သာတဲ့ဆေးကို ထိုးပေးပါတယ် (ဆေးကြောင့်ဖြစ်တဲ့ အူလှုပ်ရှားမှုကို ခံနိုင်ဖို့ အတွက်ပါ)။ ပြီးရင် ဘေးတစ်စောင်း အိပ်ခိုင်းပြီး စအိုထဲကို ပိုက်ထည့်သွင်းပြီး barium ကို ပိုက်ကတဆင့် သွင်းပေးပါတယ်။ ဆေးတွေပြန်ထွက်မသွားဖို့ စအိုကြွက်သားတွေကို ကျုံ့ထားနိုင်ရင် ပိုကောင်းပါတယ်။
ပြီးရင် Barium တွေ ကောင်းစွာပျံနှံ့သွားစေဖို့ လေထည့်ပြီး ခန္ဓာကိုယ်အနေအထားကို လိုအပ်သလို ပြောင်းပြောင်းပြီး ဓာတ်မှန်တွေ ရိုက်ယူမှာပါ။ ဓာတ်မှန်ရိုက်ချိန် နာရီဝက်ကနေ ၄၅ မိနစ်ခန့် ကြာနိုင်ပါတယ်။ ဓာတ်မှန်ရိုက်ပြီးရင် ပိုက်ပြန်ထုတ်ပြီးတဲ့အခါ အိမ်သာကိုသွားပြီး ဆေးတွေကို စွန့်ထုတ်နိုင်ပါတယ်။
ဘာမှ ထူးထူးခြားခြားမခံစားရရင် အိမ်ပြန်လို့ရပြီး အိမ်မှာ ဝမ်းခဏခဏသွားတာ၊ ဝမ်းသွားတဲ့အခါ အဖြူရောင် Barium ဆေးရည်တွေပါလာတာ ရက်အနည်းငယ်ထိ ဖြစ်နိုင်ပါတယ်။
Barium သွင်းပြီး ဓာတ်မှန်ရိုက်တာက ရှက်စရာကောင်းပြီး နေရခက်သလို ခံစားရနိုင်ပေမယ့် နာကျင်မှုတော့ ရှိမှာမဟုတ်ပါဘူး။
ဆိုးကျိုးအနေနဲ့လည်း ကြီးကြီးမားမား မရှိတတ်ပေမယ့်
- ဝမ်းနှုတ်ဆေးစားထားတာကြောင့် ဝမ်းသွားတာ၊ နုံးချိတာ
- Barium ဆေးကြောင့် ဝမ်းချုပ်တာ၊ အစာအိမ်အောင့်တာ
- ဓာတ်မှန်ရိုက်လို့ ဓာတ်ရောင်ခြည်သင့်တာ
- ပိုက်ထည့်တဲ့အခါ အူကိုမတော်တဆထိမိရင် အူပေါက်သွားတတ်တာ (အလွန်ဖြစ်ခဲပါတယ်) တွေတော့ ရှိနိုင်ပါတယ်။
Barium သွင်းပြီး ဓာတ်မှန်ရိုက်ရတာက ရောဂါရှာဖွေဖို့ လုပ်ရတဲ့ လုပ်ငန်းစဥ်တစ်ခုသာ ဖြစ်ပြီး အန္တရာယ်လည်း မရှိသလောက်နည်းပါးပါတယ်။ ဒါကြောင့် barium သွင်းပြီး ဓာတ်မှန်ရိုက်ရဖို့ မတော်တဆ ကြုံလာခဲ့ရင်လည်း စိတ်အေးအေးထားပြီး ရင်ဆိုင်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်